Showing posts with label အမေ. Show all posts
Showing posts with label အမေ. Show all posts

Saturday, 9 June 2012

“အမေ”



ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တပေပေ
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။


အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။

မင်းအောင်သက်လွင်

Thursday, 24 May 2012

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး
ဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်
အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကို
တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...
တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....
သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်း
ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော
ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...
သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ
ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲ
နားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏
နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...
ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....
အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ
မွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....
ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး
ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
FROM -FB

Friday, 11 May 2012

အမေ



ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သ
သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရော့ဖို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း

လှဲခင်းအိပ်ရာ တိုးဖယ်ပေးခဲ့
အရိုးဟင်းတစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
(ခြင်ထောင်မရှိ ၊ ခြုံစောင်မရှိ
ခင်းအိပ်စရာလည်းမရှိလို့)
ခြင်ကို သွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေခံစား
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာတရား
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ အမေပဲလေ ....