Showing posts with label ဘဝဒဿန. Show all posts
Showing posts with label ဘဝဒဿန. Show all posts

Friday, 31 May 2013

တစ်ကယ်ချစ်တတ်ဖို့ ဒါလေး ဖတ်ပါ



တစ်ဦးနဲ့တစ်ဦး တကယ်မေတ္တာအစစ်နဲ့ချစ်ကြပြီဆိုရင် မကြာခဏ ရန်ဖြစ်ပါလိမ့်မယ်.. စိတ်မညစ်ပါနဲ့

ရန်ဖြစ်ပြီးလျှင် ပြန်ချစ်တတ်ပါတယ်။ မကြာခဏ မျက်ရည်ကျပါလိမ့်မယ်။ သင့်ကို ချစ်လို့ ကျတဲ့မျက်ရည်တွေကို

လက်ဖမိုးနဲ့အသာသုတ်ပေးလိုက်ပါ။ လွှတ်ခနဲ အမှတ်မထင်ပြောမိတဲ့ စကားတစ်ခွန်းက သူ့အတွက်

နာကျင်စေမိတယ်ဆိုရင် သင် နှစ်သိမ့်ပေးပါ။ သင့်စကားတိုင်းကို အလေးထားပြီး ဂရုစိုက်တတ်တဲ့

ချစ်သူတစ်ယောက်အတွက်။ မကြာခဏ ငြင်းခုန်နေမိပြီဆိုလျှင် သင့်ဘက်က အလျော့ပေးပြီး

စိတ်အေးစွာထား၍ ပြန်ရှင်းပြပါ။ သင့်ချစ်သူက သင့်အား အနိုင်ယူလို၍ ဆိုးနွဲ့ချင်၍သာ ငြင်းခုန်ခြင်းဖြစ်ပါတယ်။

ချစ်သူက သင့်အား သ၀န်တို၍ တိုပဲတိုနိုင်လွန်းတယ်ဆို၍ စိတ်တွင်မမှတ်ပါနှင့်။ သင့်အား အရမ်းချစ်၍

ဆုံးရှုံးရမည်အား စိုးရိမ်သောကြောင့်ဖြစ်ပါတယ်။ ရန်ဖြစ်ခြင်း ၊ မျက်ရည်တွေ ၊ နာကျင်မှုတွေ ၊ ငြင်းခုံမှုတွေ ၊

မနာလိုမှုတွေ နှစ်ယောက်အတူ ရင်ဆိုင်နိုင်ပြီဆိုလျှင်တော့ ဘာပြဿနာပဲရှိရှိ သင်တို့ အချစ်ခိုင်မြဲပါလိမ့်မည်။

Thursday, 14 March 2013

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀) မျိုး

၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး..

နားလည်မှု မရှိတာက မှားတာပါ ။

၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး...

သံသယ တွေ ၀င်ခဲ့တာ မှားတာပါ ။

၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး...

ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ ။

၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး...

ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ ။

၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး...

ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ ။

၆။ အနေမနီးခြင်းက မမှားပါဘူး...

နွေးထွေးမှု မရှိခြင်းက မှားတာပါ ။

၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး...

တယောက်ထဲ အတွေးချော်တာက မှားတာပါ ။

၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး...

တစိမ်းစကားတွေ နားယောင်တာက မှားတာပါ ။

၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး...

အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ ။

၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး...

ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

Tuesday, 10 July 2012

ကြွက်ကလေးတစ်ကောင် မှ ပေးသောသင်ခန်းစာ


သူငယ်ချင်းအားလုံးပဲ မဂ်လာပါဗျာ ။

ကျွန်တော် ဒီပိုစ်လေးကို တိုက်ဆိုင်မှု့ တစ်ခုရှိလို့ ပြန်လည်ဝေမျှဖြစ်တာပါ။

အားလုံးပဲ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။

ပြန်လည်ဖတ်ပေးကြဖို့ လည်း မျှော်လင့်ပါတယ်

သူငယ်ချင်းအားလုံးကို

ခင်မင်လေးစားစွာဖြင့်


 ညချစ်သူ


ကိုယ်နဲ့မဆိုင်ဘူး။ဒီကိစ္စက သူ့ကိစ္စပဲ။ ငါနဲ့ ဘာမှမပတ်သက်ဘူး။ သူဖြစ်သူခံ။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ" အသာနေ" ဆိုတဲ့ စိတ်ဓာတ်တွေ တွေ့နေရတယ်။

ကိုယ့်လမ်းထိပ်မှာ ဘီယာဆိုင်ကြီးတွေ၊အရက်ဆိုင်ကြီးတွေဖွင့်တယ်။

ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ထင်ကြတယ်။

အရွယ်ရောက်လာတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သားတွေ အရက်ဆိုင်ရောက်သွားပါလေရော။

စာရိတ္တကို အရင်းအနှီးလုပ်ပြီး ကိုယ်ကျင့်တရားကို ငွေလုပ်တတ်တဲ့ မိန်းကလေးတစ်စု

လမ်းထဲမှာ အိမ်ငှားနေကြတယ်။

ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ဒီလိုနဲ့ ကိုယ့်အိမ်ကယောက်ျားတွေ ၊သားကြီးတွေ

အချိန်တစ်ခုမှာ ငြိစွန်းပတ်သက်ကုန်ကြရော။

ဟိုး..ဘက်အရပ်မှာ မီးလောင်နေတယ်။ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်ပြီးကြည့်နေကြတယ်။

မကြာခင်မှာဘဲ အဲဒီလောင်နေတဲ့မီး ကိုယ့်အရပ်ထဲကို ရောက်လာတော့တယ်။

ဒီလိုပါပဲ ကိုယ်နဲ့မဆိုင်ဘူး"အသာနေ" ဆိုတဲ့ တာဝန်မဲ့စိတ်ဓာတ်တွေ ကြောင့်

ကိုယ်နှင့်ဆိုင်လာတဲ့အခါ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တတ်ကြတယ်။

တွေးကြည့်ကြစမ်းပါ။

"အသာနေ" "အသာနေ" ဆိုပြီး "အသေနာ" ခဲ့ရတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြပါ့မယ်…..



  ################################



တခါတုန်းက ကြွက်တစ်ကောင်ဟာ နံရံတစ်ခုရဲ့ အကွဲကြောင်းကို ဖြတ်သန်းပြီး

လယ်သမား နဲ့ သူ့ဇနီး အထုပ်တစ်ထုပ်ဖြည်နေတာကို ချောင်းကြည့်နေခဲ့တယ် ။

“ ဒီအထုပ်ထဲမှာ ဘာစားစရာတွေများ ပါမှာပါလိမ့် ” ကြွက်ဟာ သိချင်စိတ်တွေပြင်းပြနေခဲ့တယ် ။

သူဟာ အထုပ်ကို အသေအချာကြည့်လိုက်တဲ့အခါမှာတော့

အဲဒါဟာ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတဲ့အတွက် အလွန်ကို စိတ်ဓါတ်ကျသွားခဲ့ရတယ် ။




ဒါနဲ့ ကြွက်ဟာ ခြံဝိုင်းထဲ ပြန်လာပြီး အသံကျယ်ကျယ်နဲ့အော်ပြောလိုက်တယ် ။

“ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ် -- အိမ်ထဲ မှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”



အဲဒီအခါ ကြက်ဖ က ကတော်ကတော်ဆိုပြီးအ သံပေးပြီး မြေကြီးကို

ဒေါသတကြီး ခြစ်ကုတ်လို့ ဦးခေါင်းကို မော့ပြီး ပြောလိုက်တယ် ။

“ ဒီမယ် မောင်ကြွက် ဒါဟာ မင်းနဲ့ပဲ ဆိုင်တဲ့ အရေးကြီးအကြောင်းအရာဖြစ်တယ်

ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး ဒါကြောင့် မင်းဘာသာ ငြိမ်ငြိမ်နေရင်ကောင်းမယ် ”

ကြွက်ဟာ ဒီလိုနဲ့ ၀က်ဆီကိုရောက်သွားပြီးပြောတယ် ။

“ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”

ဝက်ဟာ ခေါင်းခါလိုက်ပြီးကြွက်ကိုပြောတယ် ။

“ စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါမင်းအတွက် ဆုတောင်းပေးယုံကလွဲလို့

ဘာမှ လုပ်ပေးနိုင်စရာမရှိပါဘူး မင်းကိုငါဆုတောင်းပေးနေပါ့မယ် ”



ကြွက်ဟာ နွားဆီကိုသွားပြန်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် --

အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ” လို့ပြောလိုက်တယ် ။

အဲဒီအခါနွားက ပြန်ပြောတယ် ။

“စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါလည်းမင်းကို ဘာမှ လုပ်ပေးနိုင်တာမရှိပါဘူး ”

အဲဒီညမှာ အိမ်ကြီးဆီကနေ အသံတစ်ခုကို ကြားလိုက်ရတယ် ။

ကြွက်ထောင်ချောက်မှာ သတ္တ၀ါတစ်ကောင်ကောင်မိနေတဲ့ အသံလိုမျိုးပေါ့ ။

ဒါနဲံ လယ်သမားရဲ့ဇနီးက ဘာအကောင်မိနေသလဲဆိုတာ သိဖို့ အမှောင်ထဲကို ပြေးထွက်သွားခဲ့တယ် ။

အမှောင်ထဲမှာတော့ -- အဆိပ်ရှိတဲ့မြွေတစ်ကောင်ရဲ့အမြှီးက ကြွက်ထောင်ချောက်ထဲ

ညှပ်မိနေတယ်ဆိုတာ လယ်သမားရဲ့ဇနီးက မသိရှာခဲ့ဘူး ။

ဒါနဲ့ မြွေက လယ်သမားရဲ့ဇနီးကိုကိုက်လိုက်ပါတယ် ။

ဒီလိုနဲ့ လယ်သမားလည်း ပြာယာခတ်သွားပြီး သူ့ဇနီးကိုဆေးရုံကိုပို့ခဲ့တယ် ။

ဆေးရုံကနေ နည်းနည်းသက်သာလာပေမယ့် အဖျားက မပျောက်သေးပဲ ဆရာဝန်က စောင့်ကြည့်ဖို့ပြောတယ် ။

ဖျားနာနေတဲ့လူမမာအတွက် အကောင်းဆုံးက ကြက်စွပ်ပြုတ်ဟင်းရည်ဆိုတာ လူတိုင်းသိကြပါတယ် ။

လယ်သမားဟာ ပုဆိန်ကိုယူပြီး သူ့ဇနီးအတွက် လိုအပ်တဲ့ကြက်စွပ်ပြုတ်လုပ်ပေးဖို့

ခြံဝင်းထဲဆင်းသွားခဲ့တယ် ။ ကြက်ဖ ကိုသတ်ပြီး ကြက်စွပ်ပြုတ်အဖြစ်ပြောင်းလဲခဲ့တယ် ။



ဒါပေမယ့် လယ်သမားရဲ့ဇနီးဟာ အဖျားကနေမသက်သာလာပါဘူး ပိုပိုဆိုးလာခဲ့တယ် ။

သူငယ်ချင်းတွေနဲ့အိမ်နီးနားချင်းတွေက သတင်းလာမေးကြပြီး လူမမာမေးမှာ ထိုင်နေကြတယ် ။

သူတို့ကို ဧည့်ခံဖို့ လယ်သမားဟာ ၀က်ကိုသတ်ပြီးချက်ကျွေးခဲ့တယ် ။



လယ်သမားဇနီးဟာ ပြန်ကောင်းမလာခဲ့ပါဘူး ဒီလိုနဲ့ သူမ သေဆုံးသွားတယ် ။

နာရေးကို လူတွေလူတွေ အများကြီးလာကြတယ် ။

သူတို့အတွက်လုံလောက်တဲ့အသားကိုရရှိဖို့အတွက် လယ်သမားဟာ နွားကို သတ်ပြီး အမဲသားဟင်းကျွေးခဲ့တယ် ။

ကြွက်ဟာ နံရံ အကွဲကြောင်းထဲကနေ အဲဒီအဖြစ်အပျက်ကို မြင်ပြီး

အလွန်ကို ၀မ်းနည်းစိတ်ထိခိုက်နေခဲ့ရတယ် ။



################################

အဲဒါကြောင့် နောင်တစ်ချိန်မှာ တစ်ဦးတစ်ယောက်က အခက်အခဲပြဿနာတစ်ခ

ုကြုံနေရတာကိုသိပြီး ငါနဲ့မဆိုင်ပါဘူးလေလို့ တွေးမိခဲ့ရင် သင်တို့ထဲကတစ်ဦးတစ်ယောက်

အန္တရာယ်ကြုံတွေ့ရရင် သင်ကိုယ်တိုင်လဲ အန္တရာယ်ရှိနေတယ်ဆိုတာ သတိရပေးပါ။

ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးကို အတူတကွဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

တစ်ယောက်ကောင်းကျိုးအတွက် တစ်ယောက်က ကြည့်ရှုဖေးမပေးကြရမှာဖြစ်ပါတယ်။



 ################################



"ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး အသာနေခဲ့ကြတဲ့ သူတွေအားလုံး…"အသေနာ" ကုန်ကြပြီတဲ့"

ကျွန်တော်တို့ လူအဖွဲ့အစည်းမှာလည်း တာဝန်မဲ့ နေထိုင်တတ်တဲ့ "အသာနေ" ဆိုတဲ့ စိတ်ကို မွေးသင့်…

မမွေးသင့်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ပြီး ကူညီဆောင်ရွက်ကြရမှာပဲ။

ဒါမှသာ လူ့အဖွဲ့အစည်းတိုးတက်မှာပေါ့။



 ################################



 ဒီပုံပြင်လေးထဲကလိုပေါ့။

”ပြောမှသိ၊ ထိမှ နာ၊ သာမှ နေ၊ သေမှာ ခင်၊ ဤလေးအင်၊ လူတွင် မကျင့်ရာ“ ဆိုတာလိုမျိုး

ကိုယ့်ကို တိုက်ရိုက်ထိခိုက်တာ မဟုတ်ရင်၊ ကိုယ့်အကျိုးစီးပွားကို တုတ်နဲ့ မထိုးရင်

မတရားမှုတွေကိုယ့် မျက်စိရှေ့ မှာ ဘယ်လောက်ဖြစ်ဖြစ်

လက်ပိုက်ကြည့်နေမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပေါ့ဘူးလေ၊



မတရားမှုကို တွေ့ရင် မတရားမှန်းကို ဦးစွာ သိရမယ်။ အဲဒါကို မတရားမှုမှန်း လက်ခံနိုင်ရမယ်။

ဒါက ဒက်စ်မွန်တူးတူးရဲ့ စကားအတိုင်းပေါ့လေ၊

အဲဒီ အချိန်မှာ Moral အရတော့ ကိုယ်က မတရားလုပ်ခံရတဲ့ဘက်က ရပ်လိုက်ပါပြီ။

ဒီမှာတင် ရပ်နေရင်တော့လည်း မသင့်တော်သေးပါဘူးဗျာ။

နည်းနည်းလေး တစ်ဆင့်လောက် ရှေ့ တိုးပြီး မတရားလုပ်ခံရတဲ့သူကို

နူတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဖြစ်ဖြစ် အနည်းဆုံးတော့ စကားလုံးလေးတွေနဲ့

နှစ်သိမ့်အားပေးတာလောက်တော့ လုပ်သင့်တယ်၊ ဖြစ်သင့်တယ် ထင်ပါတယ်။

ဒီလိုနဲ့ ကိုယ်လည်း အနှိမ်ခံရတဲ့ သူတွေရဲ့ ဘ၀ကို တစတစ ပိုနားလည်ပြီး

စိတ်ဓာတ်ခွန်အားတွေ တဖြည်းဖြည်းနဲ့ တည်ဆောက်နိုင်မယ်ထင်ပါတယ်။

ဒါဆိုရင် အခြေအနေနဲ့ အချိန်အခါများ ပေးလာလို့ သင့်ကို နိုင်ငံတော်က အလိုရှိလာခဲ့ရင်

အဆင်သင့် ဖြစ်နေမှာပေါ့ မိတ်ဆွေတို့ရေ။......။

သင် ဘာအရောင် ကြိုက်လဲ ....

အပြာရောင်
အပြာရောင်ကို နှစ်သက်တယ် ဆိုရင်အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။
ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း
အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို
သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း
စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ
စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို
ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။အိနြေ္ဒသိက္ခာနဲ့လည်း
ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည်
စိတ်ချရတယ်။ နောက်... သူဟာ ပတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင်
ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ
နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။
နီရောင်
အနီရောင်ကို နှစ်သက်တယ် ဆိုရင် သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့
အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင်
အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး
အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း
ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ်
အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။
ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော်
ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။
မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်းခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့
ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား
လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့်
များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။
တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။
အဖြူရောင်
အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။
ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့
အဖြူရောင် ကြိုက်သူတဲ့သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ
ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။
ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။
ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့
အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ
ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့်
စည်းကမ်းတော့ ရှိတယ်။
သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးတယ်။ သစ္စာတရားကို
တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို
အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း
နေတတ်ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့
ချစ်သူ ကိုလဲ ဖြူဖြူစင်စင်ချစ်တတ်တယ်။
အစိမ်းရောင်
အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။
ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။
ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့
မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း
မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။
လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ
အပေါင်းအသင်း သိပ်မရှိတတ်ဘူး။
အနက်ရောင်
အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သွေးအေးတယ်။ အရာရာကို လေးလေးနက်နက်
သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ
ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။
တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး
အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။
ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို
ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှိတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ
သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့
စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း
အရူးအမူး ချစ်မယ့်သူပေါ့။
ခရမ်းရောင်
ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ
ဘာတွေတော့ မဖြစ်စေနဲ့။ ပြဿနာဖြစ်လာရင်တော့ ခေါင်းရှောင်သွားလိမ့်မယ်။
ဘာပဲ လုပ်လုပ် လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း
သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း
ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို
ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့
အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ အဲဒါတွေသာ
လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ
အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ
အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ်
ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။
လိမ္မော်ရောင်
လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင်အရာရာမှာ တက်တက်ကြွကြွ ရှိမယ်။ နေတာ
ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး
စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့
သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့
သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတာ သူလိုလူကို
ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ
ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန်
သဘောထားတတ်တယ်။
အဝါရောင်
အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင်အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ
ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို
ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပတ်ဝန်းကျင်နဲ့
နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။
အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့
လူပါ။ သမားရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက်
လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး
ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဖြစ်ပါတယ်။

Tuesday, 12 June 2012

တကယ်ပျော်ချင်ရင် …


သင် အမှန်တကယ် ပျော်ရွှင်ပါသလား။ ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာရယ်၊ အဲဒီပျော်ရွှင်မှုကိုရဖို့ ဘာတွေလိုအပ်တယ်ဆိုတာကို သိပါသလား။ ဒါဟာ ပျော်ရွှင်မှုကို ရှာဖွေနေတဲ့လူတိုင်းအတွက် အရေးကြီးတဲ့ မေးခွန်းတွေပါပဲ။ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်၊ ပျော်ရွှင်သင့်ပါတယ်။ လူအများစုကတော့ သူတို့ဟာ ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူးလို့ ယုံကြည်နေကြပြီး မပျော်ရွှင်မှုကိုပဲ သူတို့ကံကြမ္မာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလိုက်ကြပါတယ်။ အမှန်တကယ်တော့၊ ပျော်ရွှင်မှုဟာ တခြားအရာတွေလိုပါပဲ၊ ပြုစုပျိုးထောင်ပေးရပါတယ်။ ဒီအောက်က အချက်တွေကတော့ ကျနော့်ဘ၀မှာ ပျော်ရွှင်မှုကို ဖန်တီးဖို့ ကျနော်အသုံးပြုတဲ့ အချက်တွေပါပဲ။
၁။ ပျော်ရွှင်မှုကို ဦးစားပေးပါ
အကယ်၍ ပျော်ရွှင်မှုဟာ သင့်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိမနေဘူးဆိုရင် သင့်ကို တခြားကိစ္စတွေကပဲ လွှမ်းမိုးသွားပါလိမ့်မယ်။
အဲဒါတွေက သင့်ရဲ့ ပျော်ရွှင်မှုကို နှောင့်ယှက်နိုင်ပါတယ်။
ဒါကြောင့် သင့်ရဲ့ ဦးစားပေးအရာများထဲမှာ ပျော်ရွှင်မှုကို ထိပ်ဆုံးက ထားပါ။
၂။ သင့်ကို ပျော်ရွှင်စေသောအရာများကို ပြုလုပ်ပါ
ဒီအချက်ကို ကြားဖူးကြပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ သူတို့ကို ပျော်ရွှင်စေတဲ့အရာတွေကို ပြုလုပ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
သင့်ကို ဘယ်အရာက ပျော်ရွှင်စေပါသလဲ။ အဲဒါကို သင့်ရဲ့နှလုံးသားက သိပါတယ်။ နှလုံးသား ခေါ်ဆောင်ရာကို လိုက်ပါ။ Steve Jobs က ပြောခဲ့ပါတယ်။ သင်ဟာ သင့်ရဲ့ နှလုံးသားခေါ်ဆောင်ရာနောက်ကို မလိုက်ဖို့အတွက် အကြောင်းပြချက်မရှိပါဘူး – တဲ့။
လူတိုင်းလူတိုင်းမှာ ပျော်ရွှင်မှုကို ရရှိဖို့ လိုအပ်ချက်တွေကိုယ်စီ ရှိကြပါတယ်။ လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့အရာတစ်ခုဟာ တခြားလူတစ်ယောက်အဖို့တော့ ပျော်စရာ ဟုတ်ချင်မှ ဟုတ်မယ်။
သင့်ကို ဘယ်အရာတွေက ပျော်ရွှင်စေသလဲ။ သင် ဘယ်အရာကို ၀ါသနာပါသလဲ။ အဲဒီအရာတွေကို ပြုလုပ်ပါ။ သင့်သူငယ်ချင်းတွေရဲ့ အကြိုက်နဲ့ မတူညီလည်း မစိုးရိမ်ပါနဲ့။
၃။ သင့်ကိုယ်သင် ချစ်ခင်ပါ
ကျနော်တို့ဟာ တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာကို မရခင်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဖို့လိုပါတယ်။
သင်ဟာ သင့်ရဲ့ ရုပ်ရည်၊ ဒါမှမဟုတ် သင့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လို့ သင့်ကိုယ်သင် သဘောမကျတာ ရှိချင်ရှိမယ်။
အဲဒါအတွေးတွေက သင့်ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သဘောမကျတဲ့သူဟာ ဘယ်မှာ ပျော်ရွှင်နိုင်ပါ့မလဲ။
သင့်ကိုယ်သင် ချစ်ခင်ပါ။
ဒါဟာ ပျော်ရွှင်မှုရဲ့ အဓိက သော့ချက်ပါပဲ။
၎။ သင့်အတွက် အရေးအကြီးဆုံးသူများကို အချိန်ပေးပါ
သင့်ကိုယ်သင် ချစ်ခင်ဖို့လိုအပ်သလို တခြားသူတွေရဲ့ချစ်ခင်မှုကို ရရှိခြင်းဟာလည်း သင့်ကို ပျော်ရွှင်စေပါတယ်။
သင့်အတွက် အရေးအကြီးဆုံးသူတွေဟာ ဘယ်သူတွေလဲ။
သင့်ရဲ့ မိသားစုနဲ့ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲပေါ့။
သူတို့နဲ့အတူ အချိန်တွေကို ကုန်လွန်ပါ။
ပျော်ရွှင်တဲ့ မိသားစု နဲ့ ပျော်ရွှင်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေက သင့်ကို ပြီးပြည့်စုံတဲ့လူတစ်ယောက်လို ခံစားရစေပါလိမ့်မယ်။
၅။ ကျန်းမာအောင် နေထိုင်ပါ
သင့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း ပျော်ရွှင်မှုကို ရရှိစေမယ့် နည်းလမ်းတစ်ခုပါပဲ။ အ၀လွန်နေရင် ဒါမှမဟုတ် ခွန်အားဖြစ်စေတဲ့အစားအစာတွေ မစားဘူးဆိုရင် အဲဒါတွေက သင့်ရဲ့ စိတ်ခံစားမှုကို ထိခိုက်စေပါတယ်။ သင်ဟာ နေမကောင်းဘူး၊ အမြဲတမ်း ဖျားနေမယ်ဆိုရင်တော့ ပျော်ရွှင်မှုဟာ ခက်ခဲပါလိမ့်မယ်။
ကောင်းစွာစားပါ။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပါ။
သင့်ကိုယ်သင် ဂရုစိုက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ တစ်ခါတစ်ရံမှာ နားချိန်ယူပါ။ သက်သောင့်သက်သာ နေပါ။
ဒါမှမဟုတ် မိနစ်အနည်းငယ်လောက်ယူပြီး ၀င်လေထွက်လေကို အာရုံစိုက်ပါ။ ( Meditation လုပ်တာကို ဆိုလိုပါတယ်။ )
အဲဒါတွေက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး သင့်ကို ပျော်ရွှင်စေပါတယ်။
၆။ သင့်ရဲ့အချိန်ကို ကောင်းစွာ စီမံခန့်ခွဲပါ
ပျော်ရွှင်တဲ့လူတွေဟာ သူတို့ဘ၀ကိုယ်သူတို့ ကောင်းစွာထိန်းချုပ်နိုင်တယ်လို့ ယုံကြည်ကြတယ်။
သင့်ရဲ့အချိန်ကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် သင်ဟာ အချိန်နည်းနည်းအတွင်းမှာ အလုပ်တွေအများကြီးကို ပြီးအောင်လုပ်နိုင်တယ်။ အဲဒီအခါ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာတယ်။ သင့်အတွက် ကိုယ်ပိုင်အချိန်တွေလည်း ပိုရလာတယ်။
သင် လုပ်နေတဲ့အရာတွေဟာ အရေးကြီးတဲ့အရာတွေသာ ဖြစ်ပါစေ။ အရေးအကြီးဆုံးအရာများကို အရင်ဆုံးလုပ်ပါ။ ( အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းတွေကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် )
သင့်ရဲ့ အချိန်ကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် သင့်ရဲ့ဘ၀ဟာ ပိုပြီး ဟန်ချက်ညီလာပါတယ်။ သင့်ရဲ့ ကျောင်းအတွက်၊ မိသားစုအတွက်၊ သူငယ်ချင်းတွေအတွက်၊ သင်ဝါသနာပါတဲ့အလုပ်တွေအတွက် အချိန်ပေးနိုင်လာပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ သင့်ကို ပျော်ရွှင်စေမယ့် (ရေရှည်ခံမယ့် ပျော်ရွှင်မှုမျိုးကို ရရှိစေမယ့်) နည်းလမ်းတွေပါပဲ။
ဒီနည်းလမ်းတွေကို အသုံးပြုပါ။
သင့်ရဲ့ ဘ၀မှာ ပျော်ရွှင်မှုကို တည်ဆောက်ပါ။
Ref: 20 Simple Tips To Be Happy Now by Dr. Timothy Sharp
Get Your FREE e-book Now:
ပိုပြီးပျော်ရွှင်ဖို့အတွက် (၇)ရက်သင်တန်း ( တက်ခေါင်- မြန်မာပြန်သည် )
Read or Download Here!

အလေ့အကျင့်ဆိုး တစ်ခုကို ဖျောက်ခြင်း


” အလေ့အကျင့်ဆိုးတွေဟာ မနက်ဖြန်မှာထက် ဒီကနေ့ ဖျောက်ဖျက်ပစ်ဖို့ ပိုပြီးလွယ်ကူပါတယ် ”
- ဂျူး စကားပုံ
” လူတို့သည် သဘာဝချင်း၌ တူညီကြ၏။ သူတို့ကို မတူညီအောင် ပြုလုပ်သည်မှာ သူတို့၏ အလေ့အကျင့်များပင် ဖြစ်သည်”
- ကွန်ဖျူးရှပ်စ်
ကျနော်တို့အများစုမှာ မကောင်းဘူးလို့ကျနော်တို့ကိုယ်တိုင် ယူဆကြတဲ့ အလေ့အကျင့်ဆိုးတွေ ရှိကြတယ်။ ပြီးတော့ အဲဒီအလေ့အကျင့်တွေကို ဖျောက်ဖျက်လိုကြတယ်။ ဒါပေမဲ့ သင် ဘယ်လိုလုပ်မလဲ?
ကျနော်နဲ့ ကျနော့်မိတ်ဆွေတွေအတွက် အထောက်အကူပြုခဲ့တဲ့ နည်းလမ်းတချို့ကို ဒီကနေ့ ကျနော် မျှဝေလိုပါတယ်။
ဟောဒီမှာ – သင့်ကို အလေ့အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်နိုင်ဖို့ အကူအညီပေးမယ့် နည်းလမ်း ၈ ခု

၁။ သင့် မိသားစုနဲ့ သင့်မိတ်ဆွေတွေကို ပြောပြပါ
သင်ဟာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို သင် ဆေးလိပ်ဖြတ်တော့မယ်၊ ဒါမှမဟုတ် တစ်ပတ်မှာ နှစ်ရက်ပဲ Facebook သုံးမယ် စသဖြင့် ပြောတဲ့အခါ သူတို့က သင့်ကို စောင့်ကြည့်ကြလိမ့်မယ်။ ဒီတော့ သင်မှာ ဖိအားတစ်ခု ရှိလာပြီဖြစ်တဲ့အတွက် သင်ပေးထားတဲ့ကတိကို တည်အောင်လုပ်ရပါတော့မယ်။ သင့်ကို အထောက်အကူပြုမယ့် ဒါမှမဟုတ် သင့်အပေါ်မှာ ပုံမှန်သဘောထားရှိတဲ့သူတွေကို သင်ဖျောက်ဖျက်ချင်တဲ့ အလေ့အကျင့်အကြောင်းကို ပြောပြဖို့ ကျနော်တိုက်တွန်းလိုပါတယ်။ သင့်အပေါ် မကောင်းတဲ့သူတွေကို သွားပြောရင်တော့ သင့်အတွက် ပိုပြီး အခက်တွေ့စေပါလိမ့်မယ်။
၂။ နာကျင်မှုဖြစ်အောင်လုပ်ပါ
ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလေ့အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်ပစ်ဖို့အတွက် အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ သင်ဟာ သင်ဖျောက်ဖျက်ချင်တဲ့ အလေ့အကျင့်နဲ့ပတ်သက်ပြီး စိတ်ထဲမှာ နာကျင်မှုတစ်ခုဖြစ်လာအောင် လုပ်ရပါမယ်။ သင့်ကိုယ်သင် မေးပါ။ အဲဒီအလေ့အကျင့်ဆိုးကို မဖျောက်ရင် သင့်မှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာမလဲ? သင့်ဘ၀ကို ဒီအတိုင်းပဲ နေသွားတော့မှာလား? အဲဒီအလေ့အကျင့်ဆိုးကြောင့် သင်ဘာတွေ ထိခိုက်နစ်နာခဲ့ရပြီးပြီလဲ? စသဖြင့် အဲဒီအလေ့အကျင့်ဆိုးနဲ့ ပတ်သက်ပြီး နာကျင်လာအောင် လုပ်ပါ။ စိတ်ထဲမှာ ပိုပြီးနာကျင်လာလေ၊ အဲဒီအလေ့အကျင့်ကို ပိုပြီး စွန့်လွှတ်ချင်လေပါပဲ။
ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကတိပေးဖို့စဉ်းစားပါ။ ဥပမာ – သင် ဆေးလိပ်တစ်လိပ်သောက်မိရင် သင့်ရဲ့ သူငယ်ချင်းကို ပိုက်ဆံငါးရာပေးမယ်လို့ ကတိပေးပါ။ ဒါဆိုရင် သင်ဟာ ဆေးလိပ်တစ်လိပ်သောက်မိတိုင်း သင့် သူငယ်ချင်းကို ပိုက်ဆံငါးရာပေးရမှာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ဆေးလိပ်သောက်တဲ့ အကျင့်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။
၃။ သင် သွားချင်တဲ့နေရာကို ရောက်ပြီးတဲ့သူတွေရဲ့ စကားကို နားထောင်ပါ
သင့်ရဲ့ပြဿနာနဲ့ပတ်သက်ပြီး စစ်မှန်တဲ့အကြံဥာဏ် မပေးနိုင်တဲ့သူတွေ ဒါမှမဟုတ် အမှန်တကယ်လက်တွေ့မရှိတဲ့သူတွေကို နားထောင်ရမှာ မဟုတ်ပါဘူး။ လက်တွေ့ဘ၀မှာ အမှန်တကယ်အသုံးကျမယ့် အကောင်းဆုံးအကြံဥာဏ်ကို ရဖို့က အရေးကြီးပါတယ်။ သင့်ပတ်ဝန်းကျင်က လူတွေထံမှာ ရှာဖွေပါ။ သင့်အတွက် အမှန်တကယ် အသုံးဝင်မယ့်၊ စိတ်ချရတဲ့ စာအုပ်ကောင်းတွေ၊ Blog တွေ၊ Forum တွေမှာ ရှာဖွေပါ။
၎။ ဒါက နောက် ငါးနှစ် ဆယ်နှစ်မှာ ဘာဖြစ်နိုင်မလဲ?
သင့်ရဲ့အနာဂတ်ကို သင့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ။ သင် ဘယ်ကို သွားမှာလဲ? အကြွေးတွေ၊ နှလုံးရောဂါတွေ၊ ကျန်းမာရေးမကောင်းမှုတွေနဲ့ အမျိုးမျိုးသော ကန့်သတ်ချက်တွေဆီကို သင့်အနာဂတ်က ဦးတည်နေသလား? ဒါမှမဟုတ် သင်ဟာ တစ်ခုခုမှ အပြောင်းအလဲမလုပ်ဘူးဆိုရင် ရောက်သွားမယ့် နေရာဆီကိုလား? ပြီးရင်တော့ – သင်ဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခု လုပ်ပြီးတဲ့အခါ သင်ရောက်သွားမယ့် နေရာကို စိတ်ကူးကြည့်ပါ။
သင် အပြောင်းအလဲလုပ်မယ်ဆိုရင် နောက် ငါးနှစ် ဆယ်နှစ်မှာ သင့်အတွက် ကောင်းတဲ့အရာတွေ၊ နှစ်သက်ဖွယ် အရာတွေ ဘာတွေဖြစ်လာမလဲ? ဒါတွေအားလုံးကို သင့်စိတ်ထဲမှာ မြင်အောင်ကြည့်ပါ။ အဲဒီနောက် – ကောင်းတဲ့အကျိုးဆက်တွေနဲ့ မကောင်းတဲ့အကျိုးဆက်တွေကို ချရေးပါ။ ပြီးတော့ သင် အလေ့အကျင့်ဆိုးတစ်ခုကို စွန့်လွှတ်ရမလား၊ ဒါမှမဟုတ် နေ့ရက်ဟောင်းတွေဆီပဲ ပြန်သွားမလားလို့ ဆုံးဖြတ်ရတဲ့အခါတိုင်း အဲဒီစာရင်းကို ပြန်ကြည့်ပါ။
၅။ ဖြားယောင်း ဆွဲဆောင်မှုတွေကို ရှောင်ရှားပါ
သင့်ရဲ့ အလေ့အကျင့်ဆိုးကို ဘယ်ဟာက စတင်ဖြစ်ပေါ်စေတာလဲဆိုတာ သိပါ။ သင် ပိုက်ဆံတွေ အများကြီး သုံးဖြစ်တဲ့ နေရာတွေ၊ သင့်အိမ်မှာ မရှိသင့်တဲ့၊ သင့်အတွက်လည်း ဘာမှအသုံးမကျတဲ့ ပစ္စည်းတွေ၊ ပြီးတော့ သင့်ကို အဲဒီအလေ့အကျင့်ဆိုးတွေဆီ ဆွဲခေါ်နေတဲ့သူတွေ။
၆။ အစားထိုးပါ
သင်ဟာ တစ်ခုခုကို ရပ်လိုက်ပြီဆိုရင် သင့်ဘ၀မှာ နေရာတစ်ခု လစ်လပ်သွားပါတယ်။ အဲဒီနေရာလွတ်မှာ အလေ့အကျင့်သစ်တစ်ခုနဲ့ အစားထိုးလိုက်ရင် အရင် အလေ့အကျင့်ဟောင်း ပြန်ဖြစ်လာဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ သင်ဟာ ဗိုက်ဆာတိုင်းအခါတိုင်း အာလူးကြော်တွေ၊ ချိုချဉ်တွေစားတတ်တယ်ဆိုပါစို့။ အဲဒီအစား သင် ဗိုက်ဆာတဲ့အခါတိုင်း သစ်သီးတွေနဲ့ အစေ့အဆံတွေကို စားခြင်းဖြင့် အစားထိုးလိုက်ပါ။ ဒါမှမဟုတ် သင်ဟာ Facebook နဲ့ အင်တာနက်ကို ညနေတိုင်း သုံးနေတာကို ရပ်ဖို့အတွက်၊ စာအုပ်တွေ ပိုဖတ်ခြင်း၊ သင်တန်းတစ်ခုတက်ခြင်း၊ သို့မဟုတ် အားကစားတစ်ခုပြုလုပ်ခြင်းဖြင့် အစားထိုးပါ။
၇။ တစ်ကြိမ်မှာ တစ်ခု
သင့်ဘ၀ကို တစ်ခါတည်းနဲ့ လုံးဝပြောင်းလဲပစ်လိုက်ဖို့ဆိုတာ ကောင်းတဲ့စိတ်ကူးတစ်ခုလို့ ထင်ရပါတယ်။ စူပါမင်း (Superman) ဖြစ်ဖို့ ဒါမှမဟုတ် အံ့ဖွယ် အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ အစစ်အမှန် ဘ၀အောင်မြင်မှု တိုးတက်စေဖို့ တစ်ကြိမ်မှာ အလေ့အကျင့်တစ်ခုကိုသာ ပြောင်းလဲပါ။
၈။ အလွန်အမင်း ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့
သင်ဟာ သင့်ရဲ့အလေ့အကျင်းဆိုးတစ်ခုအကြောင်းကို တစ်ချိန်လုံးတွေးနေမယ်၊ တစ်နေ့လုံးပြောဆိုနေမယ်ဆိုရင်၊ အဲဒီအကျင့်ကို ဖျောက်ဖို့ရာဟာ အလွန်အမင်းကြီးမားတဲ့ အရာတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ နေ့ရက်တွေဟာ ပိုခက်ခဲလာပြီး စိတ်ဖိစီးမှုတွေလည်း ပိုများလာပါလိမ့်မယ်။ အဲဒီအစား၊ ရိုးရှင်းပါစေ။ သင် ဘယ်အလေ့အကျင့်ကိုပဲ ဖျောက်ချင်သည်ဖြစ်စေ၊ အဲဒီလိုမျိုး အခြားလူထောင်ပေါင်းများစွာတို့မှာလည်း ရှိခဲ့ကြတာပဲ၊ သူတို့လည်း အဲဒီအကျင့်ကို ဖျောက်ဖျက်ခဲ့ကြရတာပဲဆိုတာ သဘောပေါက်ပါ။ ဟုတ်ပါတယ်၊ တစ်ခေတ်ပြီးတစ်ခေတ် ပိုပြီး ခက်ခဲလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်ပိုပြီး ခက်ခဲအောင်လုပ်ဖို့တော့ မလိုပါဘူး။

ref: http://yourlifesuccess.blog.com

Monday, 11 June 2012

မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်း ။


ယူသင့်တဲ့ မိန်းမ ဘယ်လို ဆိုတာတော့ မသိဘူး။
ဒါ ပေ မဲ့ ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ ။

၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင် တို့ဖြစ်သည်။

( အမှတ်စဉ် ၁ )
ဆရာဝန်မ ကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။ ၀ါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင်
အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ် မျက်နှာကဲ
ကြည့်နေရချေမည်။ သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ
ခေါင်းကိုက်သည်ဟုလည်း မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက်
ကြောလေး ဆွဲပေးစမ်းပါဟု သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ
ပါရာစီတမောလ် သောက် ဟုဆိုကာ ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။ သင်တကယ်
နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့ လူနာတွေ
ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော
သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

(အမှတ်စဉ် ၂ )
ကျောင်းဆရာမ ကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။ အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ
ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင်
ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား
ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏
မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍
မရနိုင်တော့ချေ။

(အမှတ်စဉ်၃ )
စာရင်းကိုင်အမျိုးသမီး ကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန် စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။ ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော်
သူမထံမှ သင် ပြန်လည်ရရှိရန် လမ်းမမြင်။ သင်၏ မိတ်ဆွေ
အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ တို့သွားလိုလျှင် သင်
အခက်ကြုံရပေတော့မည်။ ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော
ယောက်ျားများသည် ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ
ထားရချေ တော့မည်။
ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ ။

Saturday, 9 June 2012

မြန်မာပြည်သာဟေ့ မြန်မာပြည်သား

အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...
မမှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်းမွေး
ဓါးလည်း သွေး၏ ...

တရားတစ်ဖက် ဓါးတစ်လက်နှင့်
မှားကွက်ဖွေရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနှင့် ...

တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏
Photo: အကြံမမှား ၊ ရန်မပွားချင် အမှန်တရားက ငါတို့လက်တွင် ... မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် တရားလက်တွင် ဓါးနှင့်ယှဉ်မည် ... ငါတို့သည် တရားလည်းဆောင် ဓါးလည်း ပြောင်၏ ... ငါတို့သည် တရားလည်းမွေး ဓါးလည်း သွေး၏ ... တရားတစ်ဖက် ဓါးတစ်လက်နှင့် မှားကွက်ဖွေရှာ သင် ငါတို့အား မတန်တရာ ရန်မစွာနှင့် ... တရားလည်းသိ ဓါးလည်းရှိသည့် ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏

“အမေ”



ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တပေပေ
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။


အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။

မင်းအောင်သက်လွင်

Friday, 1 June 2012

အနိုင်မခံ အရှုံးမပေး


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော


ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။


လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့


ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။


ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်


ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။


ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား


သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။


သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။


နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။


သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ


ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ


မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု


ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍


ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။      ။


Trans : General Aung San


(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

Thursday, 24 May 2012

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး
ဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်
အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကို
တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...
တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....
သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်း
ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော
ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...
သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ
ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲ
နားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏
နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...
ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....
အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ
မွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....
ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး
ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
FROM -FB

Friday, 11 May 2012

ရုန်းရ ကန်ရ ဤဘဝ




လေထန်တိုင်းသာ လွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။
အမှောင်တစ်ဝက် လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘဝသည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော
အောင်သော ရှုံးသော
မုန်းသော ချစ်သော
သစ်သော ဟောင်းသော
ပူသော အေးသော
နုသော ကြမ်းသော
စောကြောစိတ်ဖြာ မနေပါပေ။
လဲရာက ထကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘဝ အားမာန်ပြရင်း
ရုန်းရ ကန်ရ မည်တကား။          ။

အမေ



ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သ
သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရော့ဖို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း

လှဲခင်းအိပ်ရာ တိုးဖယ်ပေးခဲ့
အရိုးဟင်းတစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
(ခြင်ထောင်မရှိ ၊ ခြုံစောင်မရှိ
ခင်းအိပ်စရာလည်းမရှိလို့)
ခြင်ကို သွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေခံစား
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာတရား
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ အမေပဲလေ ....

ချစ်စ ရှည်စေ



အပြစ်တင်နေလျှင်တော့

အချစ်ဝင်လာစရာ အကြောင်းမရှိ

အပြစ်ဆိုနေလျှင်လည်း

အချစ်သည် တိုတတ်စမြဲ

ချစ်စရှည်စေ ၊ မုန်းစတိုစေ

ဆိုစကားက ရှိ၍နေ

ချစ်လျှင်အကျိုး မြတ်နိုးမှသဒ္ဓါ

ကောင်းကျိုးတို့ စည်ဝေဖြာ

ချစ်လျှင် အပြစ်မမြင်

ပေါ်နေသည့်သွားကိုပင်

ပြုံးနေသည်ဟု သူထင်

အချစ်၏ ထိုတန်ခိုး

ပြောလို့ကွယ် ကုန်နိုင်ရိုး

အပြစ်မြင်နေလျှင် အပြစ်မတင်နှင့်

အပြစ်ကို အချစ်နဲ့အစားထိုး

အားလုံး၏ ကောင်းကျိုး။        ။ 

Wednesday, 2 May 2012

Friend ( သူငယ်ချင်းကောင်းဆိုတာ)

A - Accepts you as you are.


သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .


သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .


"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)


သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ



H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.


လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ



Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ


Z - Zaps you back to reality.

သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ


With best wishes,

သင့်ကိုယ်သင် ပြန်ကြည့်ပါ

1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

13. များများပြုံးပါ၊ များများရီပါ။

14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

ဥပမာလေး ၂ ခု ...


“ လောကမှာ ကိုယ့်ကိုယ်ကိုယ် ငါ... တော်တယ်ကွ ” ဆိုပြီး အထင်ကြီးနေသူတွေအတွက် သူတို့ဆင်ခြင်နိုင်စေဖို့ ဥပမာလေး ၂ ခု ရှိပါတယ်.။


ဥပမာ (၁)

ထက်တတ်ကာ အောက်ဆင်း
နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်လှည့်
စီးဆောရဲ့သဘော..။
အမြင့်ဆုံးလို့ ထင်တဲ့အချိန် ကျချိန်...
အနိမ့်ဆုံးလို့ ထင်တဲ့အချိန် တတ်ချိန်...။ ။
( ချင်းရိုးရာစကားပုံ)

ဒီစကားပုံလေးကတော့ ချင်းရိုးရာ စကားပုံလေး တစ်ပုဒ်ပါ.။ လူ့လောကကြီးကို “ စီးဆော ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ.။ ငါ အမြင့်ဆုံးလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ ကျနေတဲ့ အချိန်ဆိုတာ သတိထားမိစေဖို့..။ တစ်ခါတစ်လေ စိတ်ဓါတ်ကျပြီး စိတ်ညစ်နွမ်းစရာ ဖြစ်ပြီး အနိမ့်ဆုံးလို့ ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ တတ်နေတဲ့ အချိန်ပဲ ဖြစ်တယ်လို့ ဥပမာဆောင်ပါတယ်.။


ဥပမာ (၂)

ထိန်ထိန်အသာဆုံးအချိန်သည်
ဆုတ်စပြုချိန်ဖြစ်၍
အမှောင်ဆုံးအချိန်ကား
ဆန်းစပြုချိန်ပေတည်း...။
(တရုတ်ရိုးရာ စကားပုံ)

ဒီစကားပုံလေးကတော့ တရုတ်ရိုးရာ စကားပုံလေးတစ်ပုဒ်ပါ.။ လူ့လောကကြီးကို “ လမင်းကြီး ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ.။ ငါ့ကိုယ်ဟာ အထွန်းလင်းဆုံးလို့ ထင်နေတဲ့ အချိန်ဟာ မှောင်လာဖို့ ဆုတ်ယုတ်နေတာလို့ သတိထားမိစေဖို့..။ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ် ဘဝက မျှော်လင့်ချက်မဲ့ နေတယ်.၊ ဘာလုပ်လုပ် အဆင်မပြေဘူးဆိုပြီး မျှော်လင့်ချက်မဲ့ မှောင်မိုက်နေတယ် ဆိုရင် ဒီထက် ပိုပြီး မဲမှောင်စရာ မရှိတော့ပါဘူး ၊ ကြိုးစားရင် အမှောင်ကမ္ဘာကနေလွတ်ပြီး အလင်းရောင်တွေ့လာရမှာပါလို့ ဆိုလိုတာပါ.။

ဘာရယ်မဟုတ်ပေမဲ့.. အခုပဲ ရှာတွေ့လို့ အခုပဲ တင်လိုက်တာပါ..။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် တော်လှပြီ.၊ တတ်လှပြီလို့ တွေးနေ ၊ ထင်နေ ၊ မြင်နေသူများ အတွက် ဥပမာလေး ( ၂ ) ခုပေါ့.။


ကိုဇော် ခံစားပုံဖော်သည်.။
http://zaw357.multiply.com

အဝေးရောက် တို့တစ်တွေ ရဲ့ ခံစားချက်

ကျင်လည်ရာ ဘဝ များစွာမှ
ခင်တွယ်ရာ အသိုက်အမြုံနဲ့ ဘဝကံရယ်
အခြေမပေးလေတော့ ခွဲဖို့ရယ်အကြောင်းဖန်
ပျော်လို့တော့မဟုတ်
ရည်မှန်ချက်၊ မျှော်လင့်ချက်၊ ခံစားချက်တွေ ကိုယ်စီနဲ့
မွေးမြေရပ်ခြား မှာကြိုးစားလို့ ရုန်းကန်
အချိန်ဆိုတဲ့ အတိုင်းတာ တစ်ခုထိပေးဆပ်
မတင်းတိမ်ပေမဲ့လဲ ကျေနပ်အောင် နေတတ်ရတာပေါ့.....
ဝေးနေတော့လည်း မတူတာပဲရှိ
လွမ်းခြင်းကိုယ်စီရယ်နဲ့
အချိန်တန် အိမ်ပြန် မျက်နှာပန်း မလှလေတော့
ဘယ်သူကို အပြစ်တင်ရမယ် မသိ
ဘဝကိုလည်း မကျေနပ် မဖြစ်တော့ပါဘူး
အတိတ်ကံရယ် နည်းခဲ့လေတော့
မနက်ဖန်ဆိုတာ
တို့တစ်တွေရဲ့ ရွှေရောင် အနာဂတ်ဆိုတဲ့ စိတ်နဲ့ အသက်ရှင်.....
လက်ရှိမှာတော့
ညတာရှည်အိမ်မက်တွေနဲ့
အရုဏ်တက်ပေမဲ့ ညဥ့်နက်နေတုန်းပဲ
ဘဝတူအဝေးရောက် သူငယ်ချင်းတို့ရေ....

မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...

Boy: ဒီတစ်သက် တို့ကိုပဲချစ်မှာလား။
Girl : အင်း (ပျင်းစရာကြီး)

Boy :တို့မရှိရင် ချစ်ဘယ်လိုလုပ်မလဲ။
Girl : ရူးသွားမှာပေါ့ ။ (ပျော်လွန်းလို့)

Boy : တို့က ချစ်ရဲ့ ရည်းစားဦးလား။
Girl : ဟုတ်။ (အရင်တစ်ယောက်ပြီးရင်)

Boy : ချစ်ကိုယ့်ကို မလိမ်ပါဘူးနော်။
Girl : ဘုရားစူး မိုးကြိုးပစ်။ (ရှင့်ကို)

Boy :အိုသွားရင်ကောချစ်မှာလား။
Girl : မမုန်းပါဘူး။ (ချစ်လည်းမချစ်ဘူး)

Boy : ဘရက်ပစ်လို ချောတယ်မို့လား။
Girl : သူ့ထက်တောင်ပိုသေး။ (ရုပ်ဆိုးချက်က)

Boy : ချောလာလား။
Girl : အင်း။ (စိတ်မပါစွာနှင့်)

Boy :အခု တခြားကောင်မလေးက တို့ကို အရူးအမူးလိုက်နေတာ။
Girl :ဟင် ဟုတ်လား။ (၀မ်းသာလိုက်တာ ကန်တော့ပွဲနဲ့ကို လိုက်ပို့ဦးမှာ)

Boy :နောက်တာပါ။ အဲလောက်လည်းသ၀န်မတိုပါနဲ့။
Girl : ...........

Boy : ဘာလဲ စိတ်ကောက်သွားတာလား။
Girl : ကောက်တာပေါ့။ (တကယ်ဘာလို့မဟုတ်ရတာလဲ)

Tuesday, 24 April 2012

လိမ်ညာသူကို အကဲခတ်နည်း

ချစ်သူများ အကြားမှာဖြစ်စေ၊ စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။
သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်တတ်ရန်ပင် ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေပူယျ အမူအယာများမှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊ မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြသည်။
လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန် အလွန်အရေးပါသည့် အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။
* လူတစ်ယောက်သည် မျက်လုံးခြင်းဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာ ထဲတွင် မကြည့်နေဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့် မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့် အခါမှာ သက်တောင့် သက်သာ မရှိသည့် စိတ်ပညာ ဆိုင်ရာ အခြေအနေ ဖြစ်ပြီး ထိုအခြေအနေ မျိုးမှာ လူတစ်ယောက်သည် လိမ်ညာနေခြင်း၊ ဟန်ဆောင် နေခြင်း တို့ကြောင့် ဖြစ်တတ်သည်။
* လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထိုလိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူ့၏ စကား အသွား အလာ အပေါ်မှာ အာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊ အနည်းငယ် ရောထွေး ရှုတ်ထွေးသွား စေတတ်သည်။
* လိမ်ညာ ပြောသူတို့မှာ အများအားဖြင့် စကားကို အလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်းတောင်း ပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူ အမြန်ဆုံး လက်ခံလာအောင်၊ သို့မဟုတ် ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။
* လိမ်ညာသူ တစ်ဦး၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်လျှင် သူသည် ကိုယ့်ကိုယ်ကို ကာကွယ် နေသည့်ဟန် အမူအယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊ လက်နှစ်ဖက် ယှက်ထားခြင်း၊ လက်ခေါက် လက်ဆစ်များကို ကျစ်လစ်ထားခြင်းများ လုပ်တတ်ကြသည်။
* တစ်ခါ လိမ်ညာသူသည် စကားပြောနေသည့် အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန် လုပ်ပြီး ဟန်ဆောင် တတ်သည်။ သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသဘောရိုး ရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။
* တစ်ခါတစ်ရံတွင် လိမ်ညာသည့်သူမှာ ရှေ့နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်း ကဲ့သို့ ရှေ့နောက်မညီသည့် အမူအယာ မျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။
* အလွန်အမင်း ရယ်သွမ်း သွေးခြင်းနှင့် ဖက်လှဲတကင်း ရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့် သင်္ကေတများ ဖြစ်ကြသည်။ လိမ်ညာသူ မှန်သမျှသည် သူတို့မှာ မိတ်ဆွေ ကောင်းများ ဖြစ်ကြသည်ကို ပြသရန် အရေးကြီးသည်။ သို့မှာသာ တစ်ဖက်သူမှ အလွယ်တစ်ကူ ယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။
* အများအားဖြင့် လိမ်ညာမည့် သူသည် လိမ်ညာ စကားပြောရန် အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများကို ကြိုတင် စီစဉ်ထားခြင်း မရှိတတ် သောကြောင့် သူတို့အား အသေးစိတ် မေးခွန်း တစ်ခု ထုတ်လိုက်ပါက အဖြေကို ကျကျနန ပြန်မပေးနိုင်တော့ဘဲ သူ့၏ စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
* တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ်ရှင်း တတ်ပြီး၊ ထိုလိမ်ညာသည့် အကြောင်း အရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက် အများ ထည့်သွင်း ပြောလေ့ ရှိကြသည်။
ထို့ကြောင့် လူတစ်ဦး တစ်ယောက်က သင့်အား လိမ်ညာစကား ပြောနေသည်ဟုတ် မဟုတ်ကို သိလိုပါလျှင် အကောင်းဆုံးမှာ ထိုသူပြောသည့် စကားများကို သေသေချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ် အကဲခတ်ကြည့်ခြင်းဖြစ်သည်။ ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်ပါလိမ့်မည်။ ဤတွင် လိမ်ညာသူမှ သူ့၏ စကားနှင့် ဟန်ပန် အမူအယာကို နားထောင်သူသည် အသေးစိတ် လေ့လာ အကဲခတ် ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။
friendsmyanmar.com မှကူးယူဖေါ်ပြသည်